၂၀၂၀ ရွေးကောက်ပွဲ

A d v e r t i s e m e n t With Us

December 12, 2020

တောင်သာမြို့နယ်၌ ရွေးကောက်ပွဲပြန်ကျင်းပပေးရန် ဒေသခံ ၂၈ ဦး ဆန္ဒပြတောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာ ဒေသခံပြည်သူတချို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်လို့ နိုဝင်ဘာ ၁၈ ရက်မနက်မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

တောင်သာမြို့ အာဇာနည်ကုန်းမှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ   မြစ်အနောက်ဘက်ရွာတွေက  ပြည်သူ ၂၈ ဦးပါဝင်ပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်လို့ စွပ်စွဲပြီး  ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲဦးဆောင်ကျင်းပသူ တောင်သာမြို့ အမှတ် ၆ ရပ်ကွက်နေ ဦးဝင်းဘိုက “ ၂၀၂၀ ရွေးကောက်ပွဲ မသမာမှုအတွက် ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ရှေးကောက်ပွဲ ပြန်လည်ကျင်းပရေး ဆန္ဒဖော်ထုတ်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ရွေးကောက်ပွဲ မဲခိုးမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေး။ ရွေးကောက်ပွဲဥပဒေမှာမပါတဲ့ အသက် ၆၀ အထက် ကြိုတင်မဲယူခွင့်ပေးတဲ့ ကော်မရှင် အလိုမရှိ၊ တရားမျှတမှု မရှိသောရွေးကောက်ပွဲ အလိုမရှိ။ ရွေးကောက်ပွဲ မဲရလဒ်များအယုံအကြည်မရှိ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး  ဆန္ဒဖော်ထုတ်ပွဲကို မနက် ၁၀ နာရီမှာ ရုပ်သိမ်းလိုက်ပါတယ်။

အခုလို ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို ဒီနေ့မှ သိရတာဖြစ်ပြီး မိမိတို့ ဆုံးဖြတ်ခွင့်မရှိတာကြောင့် ခရိုင် ကော်မရှင်သို့ ဆက်လက်တင်ပြသွားမယ်လို့ တောင်သာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်က ပြောပါတယ်။

တောင်သာနယ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အမှုအခင်း ၁၀ မှုအောက်ရှိတယ်လို့လည်း ပြောပါတယ်။ 

ဆန္ဒထုတ်ဖော်ပွဲမှာ တောင်းဆိုချက်တွေဟာ ကြံ့ခိုင်ရေးပါတီရဲ့ တောင်းဆိုချက်တွေနဲ့ ပုံစံတူဖြစ်ပါတယ်။ တောင်သာမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့   ဒီဆန္ဒပြပွဲကို ပါတီက ဦးဆောင်ကျင်းပတာမဟုတ်ဘူးလို့ ပြောပါတယ်။

2 months Ago

ဒုတိယမ္ပိ နောက်ဆုံးမဲ

ပါတီတံဆိပ်ပါ အင်္ကျီအနီရဲရဲဝတ်ထားသူအချို့ စုစုရုံးရုံးလှုပ်ရှားနေသည်။ အချို့က ထမင်းစားနေပြီး အချို့က စားသောက်သူများအတွက် ပြင်ဆင်လုပ်ကိုင်ပေးနေသည်။ အချိန်ကား ရွေးကောက်ပွဲပြီးကာစ အခြားဒေသများလို အောင်ပွဲခံ ကျွေးမွေးပွဲတခုဖြစ်နိုင်သည်။ သို့သော် မတူသည်က အသံချဲ့စက်နှင့် သီချင်းများ ဖွင့်ထားခြင်းမရှိ။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်၊ မျက်နှာများတွင် အပြုံးသိပ်မရှိကြ။ သူတို့ထဲမှ အချို့က ဒီရွာကမဟုတ်သလို အချင်းချင်း သေသေချာချာ မသိကျွမ်းကြသူများ။

လှေကား ၄ ထစ်သာရှိသည့် အိမ်ကလေးအပေါ်တွင် လူတစ်ယောက်မှ မရှိ။ အိမ်ဘေးအရိပ်ရသည့်နေရာနှင့် ယာယီမိုးထားသည့် ကန်စအောက်မှ ဖျာခင်းပေါ်တွင်သာ ထမင်းစားသူ၊ စားပြီး၍ ရေနွေးကြမ်းသောက်သူတို့ ရှိနေသည်။

အဆိုပါအိမ်ကလေးရှိရာအရပ် မင်းကင်းမြို့နယ်ဟာ အန်အယ်လ်ဒီထောက်ခံသူများအတွက် အခုရွေးကောက်ပွဲက ပျော်စရာပင်ဖြစ်မည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးခဲ့သည့်နေရာများကို မဲ‌ထောင်သောင်းကျော်အသာဖြင့် ပြန်အနိုင်ရ သွား၍ဖြစ်သည်။

ထိုအထဲတွင် မင်းကင်းမြို့နယ်ထဲက ကျောက်အိုးဆိုသည့်ရွာလေးတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၃ နေရာလုံး အရှုံးကို ယခုတော့ ၃ နေရာလုံး အနိုင်ပြန်ရလိုက်သည်။

“ပြည်သူရော၊ အမျိုးသားရော၊ တိုင်းမှာရော မဲ ၁၀၀ ကျော်နဲ့နိုင်တယ်။ ၂၀၁၅ တုန်းကတော့ ၁၀၀ ကျော်နဲ့ ရှုံးခဲ့တာ” ဟု အန်အယ်လ်ဒီပါတီ၏ မဲရုံကိုယ်စားလှယ် ကိုမြတ်ဌေးက ပြောသည်။

အန်အယ်လ်ဒီပါတီ အနိုင်ရစေသည့်မဲများထဲတွင် စောစောက လူအများကို စုရုံးဖို့ အကြောင်းဖြစ်လာစေခဲ့သူ ကျောက်အိုးရွာသူ မဝေဝေလင်း၏ ဆန္ဒမဲများလည်းပါနေသည်။

စောစောက လူစုရှိနေသည့်ဘေးကအိမ် သက်ငယ်အမိုးတန်းနှင့် ထရံကျဲကျဲနံရံကြား လပ်နေသည့်နေရာတွင် ဓာတ်ပုံအချို့ချိတ်ထားသည်။ ထိုအထဲကမှ မိသားစုအားလုံးနီးပါး ပါသည့်ဓာတ်ပုံ ၂ ပုံတွင် မဝေဝေလင်းကို တွေ့နိုင်သည်။

သို့သော် အခု သူ မရှိတော့ပြီ ။ သူမဲပေးခဲ့သည့် အန်အယ်လ်ဒီပါတီ နိုင်သွားသည်ကို သူ မသိနိုင်တော့။ မဝေဝေလင်းတစ်ယောက် လူ့လောကကနေ အပြီးအပိုင်ထွက်ခွာသွားပေပြီ။

သူ့အသက်က ၂၃ နှစ်။ ငယ်ငယ်ကတည်းက ချူချာခဲ့သော်လည်း သွေးကင်ဆာ ဆိုသည့်အဖြေကို ယခု ကိုဗစ်ကာလမတိုင်ခင်မှ သိခဲ့ရသည်။

“ပတ်ဝန်းကျင်က လူတွေက မန္တလေးဆေးရုံကြီးကို သွားပြဖို့ တိုက်တွန်းကြတာနဲ့ သွားပြဖြစ်တယ်။ သွေးကင်ဆာ ဆိုတာ သိရတယ်။ သမီးကိုတော့ မပြောခဲ့ပါဘူး။ ဆေးရုံက ဆက်နေဖို့ပြောပေမယ့် ငွေမတတ်နိုင်တာရယ်၊ အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့တာရယ်ကြောင့် တစ်ရက်ပဲနေပြီး ပြန်လာခဲ့တယ်” ဟု သူ့မိခင် ဒေါ်ခင်မြင့်ဦးက ပြောသည်။

ငယ်စဉ်ကတည်းက မကြာခဏ နေမကောင်းဖြစ်၊ ဗိုက်နာပြီး၊ ကိုယ်လက် ဖောရောင်တတ်သော်လည်း ဘာရောဂါမှန်းသူတို့မသိခဲ့။ မိသားစုက လက်လုပ်လက်စားများဖြစ်သည်မို့ အချိန်တန်လျှင် ကောက်စိုက်၊ လယ်အငှားရိတ်ပြီး ရုန်းကန် နေရသည်။

မဝေဝေလင်းလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျောင်းထွက်ပြီး မိဘများကို လိုက်ကူရသည်။ နေမကောင်းဖြစ်ဖန်များလာပြီး မခံမရပ်နိုင်လာလျှင်တော့ အိမ်မှာငွေရှိလျှင် အိမ်မှငွေဖြင့်၊ မရှိလျှင်တော့ ပတ်ဝန်းကျင်ထံ အလှူခံပြီး မြို့ပေါ် ဆေးခန်းသွားပြရသည်ဟု ဒေါ်ခင်မြင့်ဦးက ပြောသည်။

မန္တလေးဆေးရုံကြီးကို သွားပြဖြစ်သည်က ကိုဗစ်မတိုင်ခင်ကဖြစ်သည်။ ဆေးရုံက ပြန်လာပြီးသည့် နောက်တွင်တော့ တခွေခွေ တမှိုင်မှိုင်ဖြင့် အိပ်ရာထဲတွင်သာ လဲနေတော့သည်ဟု မိခင်ဖြစ်သူက ပြောသည်။

ကိုဗစ်ကာလ အလုပ်အကိုင်လည်းမကောင်း၊ အသွားအလာလည်းခက်သဖြင့် နောက်ထပ်လည်း ဆေးရုံ ဆေးခန်း မသွားဖြစ်တော့ဟု ဆိုသည်။ သွေးကင်ဆာ၏အကြောင်း သူတို့ သေချာနားလည်ပုံလည်းမပေါ်။

သည်လိုနှင့် ၂၀၂၀ ရွေးကောက်ပွဲက နီးလာသည်။ သူတို့မိသားစုဝင်တွေထဲက အသက်ပြည့်ပြီးသူ ၄ ယောက် မဲစာရင်းတွင်ပါသည်။ မဝေဝေလင်း၏ ညီမ မဝေဝေပိုးက ယခုမှ အသက်ပြည့်၍ ပထမဆုံး မဲပေးရမည်ဖြစ်သည်။

ကိုဗစ်ကလည်း မလျော့။ ရွေးကောက်ပွဲကို ကိုဗစ်နှင့်အပြိုင်ကျင်းပရမည်ဖြစ်သဖြင့် ယခင်နှင့်မတူသည့် ပုံစံများ၊ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်များ ထုတ်ပြန်သည်။

ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခွင့်ရှိသူများက ယင်းနေ့တွင် တာဝန်ကျမည့်သူများ၊ မဖြစ်မနေ ခရီးသွားရမည့်သူများသာဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်တော့ အသက် ၆၀ နှင့်အထက် သက်ကြီး ရွယ်အိုများ၊ မကျန်းမမာဖြစ်နေသူများကို ကြိုတင်မဲပေးခွင့်ပြုထားသည်။

ကော်မရှင်ရုံးခွဲများသို့ လာနိုင်သူများ ရုံးသို့လာပေးနိုင်ပြီး မလာနိုင်သူများကိုမူ အိမ်တိုင်ရာရောက် မဲပေးနိုင်ရန်လည်း စီစဉ်ထားသည်။ ဤနည်းဖြင့် ရွေးကောက်ပွဲနေ့တွင် လူအများစုရုံးရမည်ကို တတ်နိုင်သမျှ နည်းအောင် စီမံခြင်းဖြစ်သည်။

ကျောက်အိုးရွာထဲတွင်လည်း ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်မဲလိုက်လံကောက်ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွာကျောင်းမှာဖွင့်ထားသည့် မဲရုံမှာ မဝေဝေလင်း မဲပေးခဲ့ဖူးသည်။ ယခုတော့ အိပ်ရာထဲ လဲနေသည်မှာ မိဘတွေထူမှ ထရသည့်အခြေအနေဖြစ်လေရာ မဲသွားပေးဖို့က မဖြစ်နိုင်သလောက်ပင်။ သို့နှင့် မိဘများကို ကြိုတင်မဲပေးချင်ကြောင်းပြောသည်။

“(နိုဝင်ဘာ) ၆ ရက်နေ့က လူကြီးတွေကို သွားပြောတယ်။ ၇ ရက်နေ့ နေ့လယ်မှာ မဲလာကောက်တယ်။ လူ ၂၀ အစိတ်လောက်လောက်တော့ရှိမယ်။ ကော်မရှင်လူကြီးတွေနေမှာပေါ့။ အိမ်ပေါ်မှာက ပူတော့ သမီးကို အိမ်အောက်က သစ်ပုံပေါ်မှာခေါ်ထားပေးတယ်။ မဲရုံမှူး ဆရာကြီးကို သမီးက သူပေးချင်တဲ့ ပါတီကို လက်ညိုးထိုးပြတယ်။ ဆရာကြီးက တံဆိပ်တုံးထုပေးတယ်” ဟု မိခင် ဒေါ်ခင်မြင့်ဦးက ပြောသည်။

လူအများရှေ့တွင်မဲပေးရသော်လည်း သမီးဖြစ်သူက သူပေးချင်သည့်ပါတီကို တိတိကျကျပြောပြီး မဲထည့်ခဲ့သည် ဟုလည်း ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက်။ မနက်စောစောပိုင်း ၁ နာရီခန့်တွင်တော့ မဝေဝေလင်းရောဂါက ပိုဆိုးလာသည်။ ထိုအချိန်တွင်မှတော့ ဘာမှလည်း မလုပ်နိုင်ကြ။ သိပ်မကြာခင်မှာပဲ ဆုံးပါးသွားတော့သည်။

သို့သော် သူ သတိရှိနေဆဲတွင်တော့ သူမဲပေးခဲ့သည့်ပါတီ အနိုင်ရသွားလားဟု မေးဖြစ်အောင် မေးသွားခဲ့သည်။ ထို မေးခွန်းအတွက် တိကျ သေချာသည့်အဖြေက သူ မရှိသည့်နောက် တစ်ရက်အတွင်းသိရသည်။

ပြည်သူ့လွှတ်တော်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်က မဲ ၄၀,၀၀၀ ကျော်၊ ဒုတိယအများဆုံး ရသည့် ပါတီက ၂၈,၀၀၀ ကျော်ရသည်။ တိုင်းလွှတ်တော် မဲဆန္ဒနယ် ၂ တွင် အန်အယ်လ်ဒီက မဲ ၃၀၀၀ ခန့်ဖြင့် အနိုင်ရကြောင်း မင်းကင်းမြို့နယ် အန်အယ်လ်ဒီ ဒု ဥက္ကဋ္ဌက ပြောသည်။ ထို ၂ နေရာမှာ ၂၀၁၅ တုန်းက အန်အယ်လ်ဒီရှုံးခဲ့သည့်နေရာများဖြစ်သည်။

မဲရလဒ်ကို မဝေဝေလင်းတစ်ယောက် သေသေချာချာ သိခွင့်မရခဲ့သော်လည်း သူတို့ရွာ ကျောက်အိုးတွင်ရော၊ မင်းကင်းမြို့နယ် အတွက်ရော သူ ပေးခဲ့သည့် မဲများက အနိုင်မဲများအတွက် အားဖြည့်ခဲ့သည်မှာ သေချာသည်။ ဒီသတင်းက ရွာနီးချုပ်စပ်နှင့် မင်းကင်းမြို့ပေါ်အထိ ပျံ့နှံ့သွားသည်။

ထိုနေ့မနက် ရွေးကောက်ပွဲ စတင်ပြီး ရွာကလူအများ အားတက်သရော မဲပေးကြသည်။ အိမ်ခြေ ၃၅၀ ကျော်ရှိသည့် ကျောက်အိုးရွာတွင် ထိုနေ့က လူ ၇၅၇ ယောက် မဲလာပေးခဲ့သည်။ ထိုအထဲတွင် မဝေဝေလင်း၏ မိဘများလည်းပါသည်။ သင်္ဂြိုလ်နီးဆဲဆဲ သမီးကိုထားခဲ့ပြီး မဲရုံသို့ ကိုယ်တိုင် မဲသွားပေးခဲ့ကြသေးသည်။

“သူတို့အိမ်မှာ နာရေးရှိနေတော့ စောင့်ဖို့အဆင်မပြေတဲ့အကြောင်း တာဝန်ရှိသူတွေကို ပြောပေးတော့ သူတို့လာတာနဲ့ မဲပေးခိုင်းတယ်။ နေ့လယ် ၂ နာရီလောက်ဆိုတော့ တန်းစီစောင့်နေသူတွေရှိတယ်လေ” ဟု မဲရုံကိုယ်စားလှယ် ကိုမြတ်ဌေးက ပြောသည်။

မဲပေးပြီးသွားသည့် ရွာရှိလူငယ်များကလည်း နာရေးအတွက် လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးကြ၍ လိုက်ပို့သူ အနည်းငယ် လျော့သည်ဟု ဆိုနိုင်သော်လည်း ထိုနေ့လယ်ပိုင်းတွင်ပင် သင်္ဂြိုလ်ပြီးစီးသွားသည်။

ထိုအကြောင်းကို ကြားသည့် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်သူ လက်ရှိ ဆောက်လုပ်ရေး ဒု ဝန်ကြီးက နောက်တနေ့တွင် ကျန်ရစ်သူမိသားစုအတွက် ငွေကျပ် တစ်သိန်း ထောက်ပံ့ပေးခဲ့သည်။

အနီးအနားရွာများမှ ပါတီဝင်များ၊ ပါတီထောက်ခံသူများကလည်း သတင်းလာမေးကြသည်။ နာရေးအိမ် ဖြစ်သည်မို့ ပါတီအောင်ပွဲအတွက် ဝမ်းမြောက်ကြောင်း သူတို့မပြောနိုင်။ သို့သော် ဝမ်းနည်းစကားထက် လေးစားဂုဏ်ယူကြောင်းကိုသာ ပြောကြသည်။

သတင်းလာမေးသူများက နေ့စဉ်လိုလို တဖွဲဖွဲ လာနေကြလေရာ ရက်လည်နေ့တွင်တော့ လူပိုများပြီး ဆန် ၇ တင်းချက် ထမင်းကျွေးလိုက်ရသည်။ ဒါကလည်း သူတို့မှာ ရှိ၍တော့မဟုတ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများက နိုင်ရာနိုင်ရာ တာဝန်ယူ ကူညီကြခြင်းသာဖြစ်သည်။

မဝေဝေလင်း မသိလိုက်သည့်အကြောင်း ၂ ခုရှိသည်။ သူ့တွင် သွေးကင်ဆာရောဂါရှိခဲ့ကြောင်း သူ မသိ၊ သူ မဲပေးသည့်ပါတီ အနိုင်ရကြောင်း သူ မသိ။

သို့သော် ကျန်ရစ်သူအားလုံးသိဖို့ရာ စကားလုံးမပါသည့် စကားများစွာ သူ ပြောပြခဲ့သည်။ ဒါကို ကျန်ရစ်သူတို့ အမြဲကြားနေပါလိမ့်မည်။

မဝေဝေလင်းသည် သူ့ ကျန်းမာရေးကို ပြန်ကောင်းလာအောင် မလုပ်နိုင်ခဲ့သော်ငြားလည်း လုပ်စရာရှိသည့် နိုင်ငံသားတစ်ယောက်၏ တာဝန်ကို မကွယ်လွန်ခင်မှာ ဖြစ်မြောက်အောင်လုပ်ဆောင်သွားခဲ့သည်။ ခုတော့ မဝေဝေလင်းတစ်ယောက် သူချစ်သည့် မိသားစု၊ သူတွယ်တာသည့် ကျေးရွာ၊ သူမြတ်နိုးတန်ဖိုးထားသည့် နိုင်ငံ၊ သူ ဝန်းရံထောက်ခံအားပေးသည့် ပါတီ အားလုံးကို စွန့်ခွာချန်ရစ်ထားခဲ့ပြီဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတခုတည်ဆောက်ရန် ရွေးကောက်ပွဲသည် အဓိကအကျဆုံးနေရာက ပါဝင်သည်။ ထိုရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက အစိုးရကို ထိန်းကျောင်းခြင်း၊ နိုင်ငံအတွက် လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးခြင်း စသည်တို့ကိုလုပ်သည်။ ဒေသအလိုက် လိုအပ်ချက်များကို တင်ပြတောင်းဆိုကြသည်။

ရွေးကောက်ပွဲများတွင် ပြည်သူတို့ တက်တက်ကြွကြွပါဝင်ခြင်းက ထိုရွေးကောက်ပွဲ၏ အောင်မြင်မှုရေချိန် ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သူတို့၏ ဂုဏ်လည်းဖြစ်သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇၂ သိန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းကျော်က မဲလာပေးခဲ့ကြသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။ မဲပေးခြင်းက ပြည်သူတို့၏ အခွင့်အရေးဖြစ်ပြီး မိမိတို့အတွက် ကိုယ်စားလှယ်ကို ရွေးချယ်နိုင်သည်။ မဲမပေးဘဲ နေခြင်းကလည်း နိုင်ငံသားတယောက်၏ အခွင့်အရေးပင်ဖြစ်ပြီး ရွေးချယ်ခွင့်ကိုတော့ ဆုံးရှုံးခံရသည်။

မည်သည့်ပါတီ၊ ကိုယ်စားလှယ်ကို ရွေးချယ်သည်ပင်ဖြစ်စေ မိမိအခွင့်အရေး၊ မိမိရွေးချယ်ခွင့်နှင့်အတူ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းက နိုင်ငံသားတယောက်၏ တာဝန်ကို ကျေပွန်ပြခြင်းလည်း ဖြစ်သည်။

မင်းကင်းသားတို့ အောင်ပွဲခံနေလိမ့်မည်။ ထို့အတူ ကျောက်အိုးသားတို့လည်း အောင်ပွဲခံနေလိမ့်မည်။ ဘဝနေဝင် နောက်ဆုံးအချိန်ရောက်နေသော်လည်း ရှေ့တွင်ရောက်လာသည့် တာဝန်ကို နိုင်ငံသားတစ်ယောက်ပီသစွာ ထမ်းဆောင်ပြခဲ့သည့် မဝေဝေလင်းအကြောင်းကိုလည်း သူတို့ ပြောဖြစ်နေပါလိမ့်မည်။

မင်းကင်းအတွက် ၅ နှစ်တာဝန်ထမ်းဆောင်ကိုယ်စားပြုပေးမည့် ကိုယ်စားလှယ်တို့ကို သူလည်း ပါဝင် ရွေးချယ်ပေးခဲ့သည်မဟုတ်လား …။

2 months Ago

လူမျိုးရေးအ​ကြောင်းပြ မဲဆွယ်မှု​ဖြင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အမှုဖွင့်

စစ်ကိုင်းတိုင်း​၊ မင်းကင်းမြို့နယ်မှာ ​ရွေး​ကောက်ပွဲကာလ လူမျိုးရေးအ​ကြောင်းပြ မဲဆွယ်မှု​နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦး​မောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ဥပ​ဒေပြုအ​ထောက်ကူပြု ​ကော်မတီဝင် ၂ ဦးက​နေ တရားလိုလုပ် အမှုဖွင့်ထားတာပါ။

အမှုဖွင့်ထားသူတဦးဖြစ်တဲ့ ဦးစိန်သန်း​က “အခုလိုစွဲဆိုရတာက ဦး​မောင်မြင့်ကို မုန်းတီးတဲ့ အာဃတမျိုးမရှိပါဘူး။ မဲဆွယ်စည်းရုံးခွင့်ကာလမှာ ​ရွေး​ကော်ကထုတ်ပြန်ထားတဲ့ ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေကို ချိုး​ဖောက်တာရှိခဲ့လို့ တိုင်တန်းရတာ” လို့ ​ပြောပါတယ်။

မင်းကင်းမြို့နယ်စခန်းမှူး ဦး​ဇော်မိုး​ကျော်က ” ဦး​မောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတာဟုတ်ပါတယ်။ အမှုဖွင့်ထားတုန်းပဲ ရှိ​သေးတာပါ။ မင်းကင်းမြို့မရဲစခန်းမှာ​တော့ ​ပုဒ်မ ၅၈ (ဂ) အပါအဝင် ရွေး​ကောက်ပွဲဥပ​ဒေနဲ့ အမှု​ဖွင့်ထားတာ​ ၆ ခုရှိ​​လောက်ရှိတယ်” လို့ ​ပြောပါတယ်။

ပုဒ်မ ၅၈ (ဂ) ဟာ ​​ရွေး​ကောက်ပွဲ မဲဆွယ်ကာလမှာ ဘာသာ​ရေး၊ လူမျိုး​ရေးနဲ့ပတ်သက်ပြီး ​ဟော​​ပြောစည်းရုံးမှု ကျူးလွန်တာရှိခဲ့ရင် ​အမြင့်ဆုံး ​ထောင်ဒဏ် ၁ နှစ်ဖြစ်​စေ၊ ​ငွေဒဏ် ၁ သိန်းဖြစ်​စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်​စေ ချမှတ်နိုင်ပါတယ်။

2 months Ago

ဧရာဝတီတိုင်းတွင် မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားမဲပေးခဲ့တာနဲ့ပတ်သက်ပြီး မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေတွေနဲ့ အရေးယူထားတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲဥပဒေအပါဝင် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူခံထားရသူတွေဟာ ကိုယ်စား မဲပေးခဲ့သူ ၅ ဦးနဲ့ မဲ ၂ ကြိမ်ပေးခဲ့သူ၊ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူတို့ပါဝင်တယ်လို့ သိရပါတယ်။

ကိုယ်စားမဲပေးလို့ အရေးယူခံထားရတဲ့သူတွေကတော့ သာပေါင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်တို့ကဖြစ်ပြီး မဲ ၂ ကြိမ်ပေးတာနဲ့ မဲပေးခန်းနဲ့ ပစ္စည်းတွေ ဖျက်ဆီးတာကြောင့် အရေးယူထားတာက လေးမျက်နှာမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုယ်စားမဲပေးတာနဲ့ မဲ ၂ ကြိမ်ပေးတာခွင့်ပြုပေးလို့ အရေးယူခံထားရသူတွေက သာပေါင်း မြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနဲ့ မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာ မဲရုံ ၂ မဲရုံမှူးတို့ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားမဲပေးတာ၊ မဲပေးဖို့အတွက်ခွင့်ပြုတာ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာနယ် မြေရဲစခန်းတွေမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈/၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော်မရှင်ကထုတ်ပြန်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

2 months Ago

လားရှိုးခရိုင်တွင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု နည်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကုန်ကျစရိတ် တင်သွင်းမှု လက်ရှိအချိန်ထိနည်းပါးနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။

လားရှိုးခရိုင်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၈၉ ယောက်ရှိရာမှာ လက်ရှိအချိန်အထိ ၃၂ ယောက်သာ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းပြီး ၅၇ ယောက်ကျန်ရှိနေသေးတယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောပါတယ်။

“ပါတီတွေကို စာနဲ့ရော၊ ဖုန်းနဲ့ပါ အ‌ကြောင်းကြားထားပါတယ်။ ကုန်ကျစရိတ်တွေ နောက်ဆုံးတင်သွင်းရမယ့်ရက်ဟာ ဒီဇင်ဘာ ၁၂ နေ့ ညနေ ၄ နာရီခွဲဖြစ်ပြီး စနေနေ့ဖြစ်ပေမယ့် လည်း ရုံးဖွင့်လှစ်ကာလက်ခံပေးမှာဖြစ်တယ်။”

ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်ဟာ ကျပ် ၈ သိန်း လောက်ကနေ ကျပ် သိန်း ၆၀ ကျော်ထိ ရှိနေပြီး မည်သူမဆိုကြည့်ရှုနိုင်ဖို့ ချိတ်ဆွဲထားကာ ဓာတ်ပုံ၊ ဗီဒီယိုတော့ ရိုက်ကူးလို့ မရဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထက် ကျော်လွန်သုံးစွဲတာနဲ့ နောက်ဆုံးရက်အထိ ကုန်ကျစရိတ်စာရင်း မတင်သွင်းခဲ့ဘူးဆိုရင် ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်မှာဖြစ်ပြီး၊ အနီးဆုံးရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးရွယ်ခံခွင့် တစ်ကြိမ်ဆုံးရှုံးမှာဖြစ်ပါတယ်။

2 months Ago

စာရွက်စာတမ်းကူးယူခွင့်ပြုရန် တပ်မတော်၏ တောင်းဆိုချက် ရွေးကောက်ပွဲကော်မရှင် ပယ်ချ

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကူးယူခွင့်ပြုရေး ညွှန်ကြားပေးဖို့ တပ်မတော်က တောင်းဆိုထားတဲ့ အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်ကို ပြန်လည် စိစစ်သုံးသပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်တောင်းခံတဲ့အခါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ သက်သေခံ ဥပဒေပုဒ်မ ၇၄ နဲ့ ပုဒ်မ ၇၆ တို့အရ အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်ပေးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလိုညွှန်ကြား‌ပေးဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ တောင်းဆိုထားတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မေတ္တာရပ်တဲ့အတိုင်း ဆောင်ရွက်မယ်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးအား ဥပဒေနဲ့ မညီတဲ့ဆောင်ရွက်မှုကို ပြုလုပ်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုကို ပြုရာရောက်မှာဖြစ်လို့ ညွှန်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ရက်မှာ ပြန်လည် အသိပေးထုတ်ပြန်လိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့ရှိ မဲဆန္ဒနယ်မြေတွေမှာ တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်တွေက ကန့်ကွက်လွှာအတွက်ဆိုပြီး သက်သေခံဥပဒေပုဒ်မ ၇၄ နဲ့ ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်းပြီး စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့်ပြုဖို့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ တောင်းခံနေတာတွေ့ရတယ်လို့ ကော်မရှင်ကဆိုပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က နိုဝင်ဘာ ၂၉ ရက်နေ့စွဲနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ မဲရုံပေါင်း ၁၂၇ ရုံအတွက် မဲစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲစာရွက် စာတမ်း ၁၁ မျိုးကို မှတ်တမ်းထားရှိလိုကြောင်း အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တောင်းခံလာတယ်လို့လည်းဆိုပါတယ်။

တပ်မတော်က တောင်းခံတဲ့ စာရွက်စာတမ်းတွေကတော့ ပြည်တွင်း/ပြည်ပ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ ပယ်မဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းတွေ၊ မဲဆန္ဒရှင်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရတဲ့ ဆန္ဒမဲစာရင်း၊ ၊ အသုံးမပြုဘဲကျန်ရှိတဲ့ ဆန္ဒမဲလက်မှတ်စာရင်း၊ မဲရုံမှာအသုံးပြုတဲ့ မဲစာရင်း၊ အသုံးမပြုဘဲကျန်တဲ့ ဆန္ဒမဲလက်မှတ်နဲ့ လက်ခံဖြတ်ပိုင်း စတာတွေ ပါဝင်ပါတယ်။

မဲစာရင်းမူရင်းတွေဟာ ရွေးကောက်ပွဲကျင်းပပြီးနောက် မြို့နယ်တွေမှာ မရှိတော့ဘဲ ခရိုင်ကော်မရှင်အဖွဲ့ခွဲတွေက မပျောက်မပျက်စေဖို့ ချိပ်ပိတ်ထားတဲ့အထုပ်တွေထဲမှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ကော်မရှင်ဆိုပါတယ်။

ဒါ့အပြင် တောင်းခံလာတဲ့ တခြား ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့်ပြုရမယ်ဆိုတာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်းမရှိဘူးလို့လည်း ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ် ထိန်းကျောင်းပေးသင့်တယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် တပ်မတော် အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို ပြန်လည်စိစစ် သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တပ်မတော်ကို ရွေးကောက်ပွဲကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်ခွင့်ပေးမထားဘူးလို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။

တပ်မတော်အနေနဲ့ သူ့ရဲ့ဩဇာသုံးပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်၊ ကန့်ကွက်မှုလုပ်မယ်ဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုကို ထိခိုက်မှာစိုးရိမ်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောထားပါတယ်။

2 months Ago

“ကျမကို လာပြီးခြိမ်းမခြောက်နဲ့ အမှန်တရားနဲ့လည်း မဝေးနိုင်ဘူး” (ဆောင်းပါး)

PPE ဝတ်စုံကို ဝတ်ဆင်ကာ လက်ထိတ်ခတ်ခံထားရလျက် တရားရုံးထဲက ထွက်လာတဲ့ အမျိုးသမီးတစ်ဦးကို လာရောက်ဝန်းရံသူအချို့ ပန်းတွေပေးကြတဲ့ မြင်ကွင်းက ဒီဇင်ဘာလရဲ့ မနက်ခင်းတစ်ခုက မြင်ကွင်းတစ်ခုပါ။ တက်ကြွပြီး ပျော်ပျော်နေတတ်ဟန်ရှိတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးငယ်ဟာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရလိမ့်မယ်လို့ သူကိုယ်တိုင် တွေးထင်မိခဲ့မှာ မဟုတ်ပါဘူး။

ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ ဖိအားပေးခံရတယ်ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ မသဉ္ဇာသန်းမင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ပခုက္ကူမြို့နယ်တရားရုံးက ဒီဇင်ဘာ (၄)ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၉) လ ချမှတ်လိုက်ပါတယ်။

မသဉ္ဇာသန်းမင်းဟာ ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ မိဘတွေနဲ့အတူနေထိုင်သူဖြစ်ပြီး ဖခင်က တပ်မတော်ဆေးဖက်ဆိုင်ရာ လက်ထောက်အရာခံဗိုလ် ဖြစ်ပါတယ်။

“ကျွန်မကို ဒီနေ့ ရုံးခေါ်တယ်။ ဘာကိစ္စလဲလို့မေးတော့ မဲကိစ္စတဲ့၊ ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကိုမဲပေးရမယ်တဲ့၊ ကျွန်မကတော့ NLD ကို မဲပေးလို့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်၊ အခုစာလဲတင်လို့ဆိုပြီး အရေးယူမလားမသိဘူးရှင့်” လို့ မသဉ္ဇာသန်းမင်းက Thin Zar အမည်ရှိ အကောင့်နဲ့ စက်တင်ဘာ (၂၃) ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုရေးသားမှုနဲ့ ပတ်သက်ပြီး တပ်အရာရှိတစ်ဦးက ခေါ်ယူစစ်ဆေးတဲ့အခါမှာ တပ်အရာရှိက လက်ကိုင်ဖုန်းကို တောင်းယူတဲ့အတွက် တပ်အရာရှိနဲ့ အချင်းများခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်ရပ်တွေကြောင့် မသဉ္ဇာသန်းမင်းကို ပုဒ်မ ၅၀၅(က)နဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက တပ်မတော်ကိုယ်စား တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ရေ၊လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားကို စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားကို မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံရှိခြင်း သို့မဟုတ် ပြုစေတဲ့အကြောင်းရှိရင် နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မသဉ္ဇာသန်းမင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ “တရားရုံးက စစ်ဆေးရင်တော့ ပေါ်ပါလိမ့်မယ်။ တပ်ကနေ ပြည်ခိုင်ဖြိုးကို မဲပေးခိုင်းလို့ မဟုတ်ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါပါတယ်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၂၇) ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

“သူ ပြုလုပ်တာ မှားတယ်ဆိုရင် တောင်းပန်ပါတယ်လို့ တရားရုံးမှာ စစ်တုန်းက သူပြောခဲ့တယ် ”လို့ မသဉ္ဇာသန်းမင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ချိုချိုမာက ပြောပါတယ်။

နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် မိမိတို့ယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

“စစ်တပ်ထဲကပဲဖြစ်ဖြစ် ရဲထဲကပဲဖြစ်ဖြစ် ဘယ်နေရာကဖြစ်ဖြစ် လူတိုင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ဒီအခွင့်အရေးကို လွတ်လွတ်လပ်လပ်ကျင့်သုံးခွင့်ရှိတယ်။ စည်းကမ်းတကျပေါ့၊ လွတ်လပ်စွာ ဆဲဆိုခွင့်၊ မဟုတ်တမ်းမတရား ပြောပိုင်ခွင့်တွေတော့ မရှိဘူးပေါ့၊ ကိုယ့်ရဲ့ ယုံကြည်ရာ ကိုယ့်ရဲ့ ယုံကြည်ချက် ကိုယ့်ထင်မြင်ချက်ကို တခြားသူတစ်ဦးတစ်ယောက်ကို အနှောင့်အယှက်မဖြစ်စေဘူးဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်”လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးကျော်က သူ့အမြင်ကို ပြောပြပါတယ်။

နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ မည်သည့် နေရာမှာနေထိုင်သူပဲ ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးက အားလုံးအတူတူဖြစ်ပြီး အဲ့ဒီအခွင့်အရေးကို လူတိုင်းလွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကနေ စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးကျော်ကဆိုပါတယ်။

မသဉ္ဇာသန်းမင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးတာဖြစ်ပြီး ဒီလိုကျင့်သုံးတဲ့အပေါ် ထောင်ချမှတ်ခံရတာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်လို့ ဦးအောင်မျိုးကျော်က ဆက်ပြောပါတယ်။

လက်ရှိမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၃၆) ဦးရှိပြီး မသဉ္ဇာသန်းမင်းတစ်ဦးသာ အမျိုးသမီးဖြစ်တယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ တရားမမျှတတဲ့ ကိစ္စရပ်တွေ၊ ရွေးကောက်ပွဲ မသမာတဲ့ကိစ္စရပ်တွေ ပြောတဲ့လူတွေအများကြီးရှိပေမယ့် ဒီအမျိုးသမီးတစ်ယောက်ကို အခုလိုစွပ်စွဲတာလဲ ဆိုတာ နားမလည်ဘူး ”လို့ Women’s League od Burma (WLB) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နော်စဲစဲကပြောပါတယ်။

အစိုးရအနေနဲ့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ အမှန်တရားကို ဖော်ထုတ်တဲ့သူတွေအတွက် အကာအကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကို စဉ်းစားသင့်တယ်လို့ နော်စဲစဲက ထောက်ပြပါတယ်။

မသဉ္ဇာသန်းမင်းရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အမှန်တရားကို မြတ်နိုးသူတွေ၊ လူ့အခွင့်အရေးကိုတန်ဖိုးထားသူတွေက အားပေးကြတာရှိသလို အမျိုးသမီးတစ်ဦးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့အပေါ် ဝေဖန်တိုက်ခိုက်ကြသူတွေလည်းရှိပါတယ်။ တရားရင်ဆိုင်နေရစဉ် ကာလတွေမှာတော့ မသဉ္ဇာသန်းမင်းကို လာရောက်ဝန်းရံသူတွေ များပြားခဲ့ပါတယ်။

အစိုးရအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ရင် အရေးတကြီးဆွေးနွေးဖို့ လိုအပ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခံထားရတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးကျော်က အကြံပြုပါတယ်။

မြန်မာနိုင်ငံတဝန်းက အမျိုးသမီးအဖွဲ့တွေ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမျိုးစုံကိုဆန့်ကျင်တဲ့ အသိပညာပေးမှုနဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြတဲ့ (၁၆) ရက်တာ လှုပ်ရှားမှုကာလရဲ့ပထမဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာမှာပဲ မသဉ္ဇာသန်းမင်းကို စတင်ရုံးထုတ်ခဲ့ပြီး ဒီဇင်ဘာလ (၄) ရက်နေ့က အမိန့်ချခဲ့ခြင်းခံရတာပါ။

အမျိုးသမီးအရေးလှုပ်ရှားသူတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မမှုတွေ ကြုံတွေ့ခံစားနေရတဲ့ အမျိုးသမီးတွေ အတွက်တင်မကပဲ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့လို့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူတွေ၊ လုပ်ခလစာအတွက် ဆန္ဒပြလို့ တရားရင်ဆိုင်နေရတဲ့ အမျိုးသမီးအလုပ်သမားတွေအတွက်လည်း ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ လူ့အခွင့်အရေးလှုပ်ရှားသူ အချို့ကတိုက်တွန်းပါတယ်။

“အကြောက်တရားနဲ့နေတဲ့သူဟာ အမှန်တရားနဲ့ဝေးသွားတတ်တယ်။ ကျမကို လာပြီးခြိမ်းမခြောက်နဲ့ အမှန်တရားနဲ့လည်း မဝေးနိုင်ဘူး” လို့ စက်တင်ဘာ ၁၃ ရက်နေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့သူ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့သူ၊ အမှန်တရားတွေအတွက် တိုက်ပွဲဝင်ခဲ့သူ မသဉ္ဇာသန်းမင်းဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကို ရင်ဆိုင်ရတော့မှာပါ။

2 months Ago

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ် ၆၃ သိန်း ဝန်းကျင်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ ကျပ် ၆၃ သိန်း ဝန်းကျင်ရှိတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကနေ ရွေးကောက်ခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်က ဒီဇင်ဘာလ ပထမပတ် ကတင်ခဲ့တာပါ။

ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “သတ်မှတ်ထားတဲ့ ခေါင်းစဉ်တွေအောက်ကပဲ သုံးစွဲထားတာပါ။ ကျပ် ၆၃ သိန်းဝန်း ကျင်ဖြစ်ပါတယ်”လို့ပြောပါတယ်။

ဒီဇင်ဘာလ ပထမပတ်မှာပဲ တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ခံရတဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ ကိုယ်တိုင် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းခဲ့ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၃၀ ဝန်းကျင်ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၆၃၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ်ရော၊ ရှုံးတဲ့ ကိုယ်စားလှယ်လောင်းတွေပါ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ကုန်ကျစရိတ် တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

2 months Ago

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ရွေးကောက်ပွဲကုန်ကျစရိတ်တွေ တင်သွင်းထားတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အနိုင်ရတဲ့သူရော ရှုံးနိမ့်တဲ့သူပါ ကုန်ကျစရိတ်တွေ တင်သွင်းရတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ စရိတ်မတင်သွင်းသူတွေဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြိုင်ဘက်ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းတဲ့ ကုန်ကျစရိတ် စာရင်းတွေကိုစောင့်ကြည့်နေပြီး လိုအပ်ရင် ကန့်ကွက်လွှာတွေတင်သွင်းမယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ အများစုက ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်အများစုကတော့ ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ပါတီဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူက အတည်ပြုထားပါတယ်။

ကော့မှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ ကျပ် ၆၃ သိန်း ဝန်းကျင်ရှိပြီး တာမွေမြို့နယ်ကနေ ရွေးကောက်ခံရတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း ၃၀ ဝန်းကျင်ဖြစ်ပါတယ်။

၈၈မျိုးဆက်တချို့ပါဝင်တဲ့ ပြည်သူ့ပါတီကလည်း ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေတင်သွင်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ်ပြန်လည်သုံးသပ်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေကိစ္စပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ရွေးကောက်ပွဲအလွန်မှာ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိလာရင်ပါဝင်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို သက်ဆိုင်ရာကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀အတွင်း မပျက်မကွက်တင်သွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ရက် နေ့မှာ ကြေညာထားတာပါ။

ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီဟာ ရွေးကောက်ပွဲမှာ အသုံးစရိတ်ငွေကျပ် သိန်း ၁၀၀ ထက်မပိုပဲ သုံးစွဲဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကသတ်မှတ်ထားပြီး ကုန်ကျစရိတ်မတင်သွင်းသူတွေကို အရည်အချင်းပျက်ယွင်းသူတွေအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

2 months Ago

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ထင်ရာစိုင်းလုပ်ခဲ့ကြဟု ကြံ့ခိုင်ရေးပါတီ စွပ်စွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကို အမျိုးမျိုး ထုတ်ပြန်ပြီးဆောင်ရွက်ခဲ့ရာမှာ အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေထံ အမိန့်နဲ့ညွှန်ကြားချက်တွေ အချိန်မီမရောက်ခဲ့တဲ့အတွက် အောက်ခြေမှာ ထင်ရာစိုင်း လုပ်ခဲ့ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက စွပ်စွဲ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲကို ဒိုင်အဖြစ်ဆောင်ရွက်ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်ခင် အမိန့်နဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့မှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဦးလှထွန်းက “အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုရင်လိုသလိုထုတ်ပြန်ပြီးတော့မှ အမျိုးမျိုး အဖုံဖုံဆောင်ရွက်နေခဲ့တဲ့ အတွက်ကြောင့် အောက်ခြေကို ချက်ခြင်းဆိုသလို မရောက်ဘဲနဲ့ မိမိထင်ရာစိုင်း၊ ထင်ရာလုပ်နေကြတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကိုအများကြီး ကျနော်တို့ တွေ့ခဲ့ရ ပါတယ်။ ဒီလိုတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လားကွာ။ ပျော်ပွဲရွှင်ပွဲကြီးများ လုပ်နေသလားဆိုပြီးတော့တောင် မြင်နေရတဲ့အပိုင်းတွေ အများကြီး တွေ့ရပါတယ်။” လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်ထောင်စုအဆင့်မှာ ၃၀ ကျော်သာ အနိုင်ရခဲ့တာပါ။

ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ ကျော်လာတဲ့အချိန်ထိတော့ လက်ရှိရလဒ်ကို လက်ခံနိုင်ခြင်းမရှိသေးတဲ့အတွက် ပါတီရဲ့ ရွေးကောက်ပွဲအခြေအနေကို သုံးသပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောပါတယ်။

“၂၀၁၀ တုန်းက ကျနော်တို့ အစိုးရဖြစ်တယ်။၂၀၁၅ မှာ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့ ၄၁ နေရာရှိတယ်။ အခုရွေး ကောက်ပွဲ ဒီရလဒ်မှာ ၃၃နေရာ။ ဒါပေမဲ့ အဲ့ဒီရလဒ်ကမမှန်ကန်ဘူးလို့ ဒါကြောင့် အခုကျနော်တို့ ပြောနေတာ။ဒီရလဒ် မှန်မှန်ကန်ကန်မဖြစ်တဲ့အပေါ်မှာတော့ ကျနော်တို့ အနေနဲ့ ပြောဖို့ခက်ပါတယ်။ဒါကြောင့် ရလဒ်မှန်မှန်ကန်ကန်၊ပြည်သူ့ဆန္ဒ အတိုင်းရတဲ့ ရလဒ်ကို သိပြီးတော့မှ ဒါကို ကျတယ်၊တက်တယ် ဆိုတာ ပြောလို့ရမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီအနေနဲ့ တရားစွဲဆိုမှုတွေ ၊ကန့်ကွက်မှုတွေ ပြုလုပ်နေရာမှာ ရဲအရေးပိုင်တဲ့အမှု ၁၇၁ မှုရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်ကန့်ကွက်လွှာ တင်သွင်းမှုက ၅၀‌ ကျော်လောက်ရှိတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

2 months Ago
Up